ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

အပြန်အလှန် လေးစားမှုဖြင့် ခရစ်တော်၏ ကိုယ်ခန္ဓာကို တည်ဆောက်ခြင်း

နှလုံးသားချင်း နီးစပ်စေဖို့- သင်းအုပ်ဆရာနှင့် အသင်းသားများသို့ မေတ္တာစကား

အသင်းတော်ဆိုတာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်ပြီး ကျွန်ုပ်တို့အားလုံးဟာ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ဝမ်းနည်းစရာကောင်းတာတစ်ခုက အသင်းသားအချို့ဟာ ကိုယ့်ကို ဝိညာဉ်ခွန်အားကျွေးမွေးနေတဲ့ သင်းအုပ်ဆရာတွေရဲ့ အားနည်းချက်ကိုပဲ ရှာဖွေပြီး မြိန်ရှက်စွာ အတင်းပြောတတ်ကြတာ ပါပဲ။

၁။ ဝေဖန်ခြင်းထက် နားလည်ခြင်းဖြင့် ဝန်းရံပါ

အချို့က သင်းအုပ်ဆရာရဲ့ အမှားကိုပဲ စောင့်ကြည့်နေတတ်ကြပြီး၊ အချို့ကတော့ အခြေအနေကြည့်ကာ ဘက်ပြောင်းတတ်တဲ့ “ပုတ်သင်ညို ခရစ်ယာန်” တွေ ဖြစ်နေကြပါတယ်။ ကိုယ်ပိုင်ရပ်တည်ချက်မရှိဘဲ အကောင်းပြောသူနဲ့တွေ့ရင် အကောင်းလိုက်ပြော၊ အတင်းပြောသူနဲ့တွေ့ရင် အတင်းလိုက်ပြောတာဟာ ဝိညာဉ်ရေးရာ ရင့်ကျက်မှု မရှိခြင်းပါပဲ။

“ညီအစ်ကိုတို့၊ အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကိုမပြုကြနှင့်။ ” (ယာကုပ် ၄:၁၁)

သင်းအုပ်ဆရာဆိုတာလည်း အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ဦးသာ ဖြစ်ပါတယ်။ သူ့မှာလည်း လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သင့်နှလုံးသားကို တစ်ချက်ပြန်မေးကြည့်ပါ- “သူ့ကို အပုတ်ချဖို့ပဲ ဝါသနာပါနေပြီး၊ ကျေးဇူးတင်စကား တစ်ခွန်းပြောဖို့ ဘာကြောင့် ဝန်လေးနေရတာလဲ?”

၂။ ခေါင်းဆောင်များကို လေးစားခြင်း (အသင်းသားများသို့)

သင်းအုပ်ဆရာရဲ့ အားသာချက်မှာ ရပ်တည်ပေးပြီး “ဒါဟာ ငါတို့ရဲ့ သင်းအုပ်ဆရာပဲ” လို့ ရဲဝင့်စွာ ဂုဏ်ယူဝံ့ကြွားတဲ့ အသင်းသားတွေဟာ အသင်းတော်ရဲ့ ရတနာတွေ ဖြစ်ပါတယ်။ သင့်ဆရာကို လေးစားခြင်းဟာ သူ့ကို ခန့်အပ်တဲ့ ဘုရားသခင်ကို လေးစားခြင်းပါပဲ။

“ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊
13 သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။” (၁ သက်သာလောနိတ် ၅:၁၂-၁၃)

၃။ အစေခံခြင်းစိတ်သဘော (ခေါင်းဆောင်များသို့)

တစ်ဖက်မှာလည်း သင်းအုပ်ဆရာနဲ့ အသင်းတော်ခေါင်းဆောင်များအနေနဲ့ မိမိတို့ရဲ့ ရာထူးကို အာဏာပြဖို့ မဟုတ်ဘဲ “အစေခံ” ဖို့ ဖြစ်တယ်ဆိုတာကို နှိမ့်ချစွာ ခံယူကြရပါမယ်။ လူတွေရဲ့ ချီးမွမ်းခြင်းထက် ဘုရားသခင်ရဲ့ ဘုန်းတော်ကိုပဲ မျှော်လင့်ပြီး ဝိညာဉ်သဘောနဲ့ ရှေ့ဆက်ကြပါစို့။

“သိုတို့နှင့်အတူရှိသောဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်းကြလော့။
အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စု ရှေ့မှာပုံသက်သေကိုပြသောသူဖြစ်ကြလော့။” (၁ ပေတရု ၅:၂-၃)


နိဂုံးချုပ်တိုက်တွန်းချက်

ကျွန်ုပ်တို့အားလုံးဟာ စုံလင်သူတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ အချင်းချင်း အားနည်းချက်ကို ဖုံးအုပ်ပေးပြီး၊ အားသာချက်ကို မြှင့်တင်ပေးခြင်းဖြင့် ခရစ်တော်ရဲ့ မေတ္တာကို သက်သေထူကြရအောင်။ အတင်းပြောခြင်းထက် ဆုတောင်းပေးခြင်း ကို ရွေးချယ်ပါ။ အပြစ်မြင်ခြင်းထက် အားပေးခြင်း ကို ကျင့်သုံးပါ။ အရာအားလုံးဟာ ဘုရားသခင်ရဲ့ ဘုန်းတော်အတွက်သာ ဖြစ်ပါစေ။


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading