(လုကာ ၅:၁၂-၁၆ – နူနာရောဂါသည်နှင့် ယေရှု
နုံချိရောဂါရှိသူတစ်ဦးသည် ယေရှုထံသို့လာပြီး မိမိကို သန့်ရှင်းစေရန် အရိုအသေဖြင့် တောင်းလျှောက်အသနားခံသည်။ ထိုသူ၏အခြေအနေသည် ရုပ်ပိုင်းဆိုင်ရာ ရောဂါသာမက လူမှုရေးအရ အထီးကျန်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဒုက္ခများကိုပါ ခံစားရသူဖြစ်သည်ဟု နားလည်ရပါသည်။ သို့သော် ယေရှု၏ ကရုဏာတော်နှင့် တန်ခိုးတော်သည် ထိုသူ၏ဘဝကို ပြောင်းလဲပေးခဲ့သည်။ ဤကျမ်းပိုဒ်မှ ကယ်တင်ခြင်း၏ အဓိပ္ပာယ်ကို အောက်ပါအချက်များဖြင့် ဆင်ခြင်နိုင်သည်။
၁။ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းမှ စတင်သည်
နူနာရောဂါသည်သည် ယေရှုထံသို့လာရာတွင် “သခင်၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို သန့်ရှင်းစေနိုင်ပါသည်” ဟု ယုံကြည်ခြင်းဖြင့် တောင်းလျှောက်ခဲ့သည် (လုကာ ၅:၁၂)။ သူ၏ယုံကြည်ခြင်းသည် ယေရှု၏တန်ခိုးတော်နှင့် ယေရှု၏ကယ်တင်နိုင်ခြင်းကို အသိအမှတ်ပြုပြီး မိမိ၏အားနည်းချက်ကို ဝန်ခံခြင်းဖြစ်သည်။ ကယ်တင်ခြင်းသည် ဘုရားသခင်ထံသို့ နှိမ့်ချစွာ ချဉ်းကပ်ပြီး သူ၏ကရုဏာတော်ကို ယုံကြည်ခြင်းဖြင့် ရရှိသည်။ ဧဖက် ၂:၈ တွင်လည်း “ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရှိသည်” ဟု ဖော်ပြထားသည်။
၂။ ဘုရားသခင်၏ ကရုဏာတော်အားဖြင့်သာ
ယေရှုသည် နူနာရောဂါသည်ကို ကုသရာတွင် “ငါအလိုရှိ၏၊ သန့်ရှင်းလော့” ဟု မိန့်တော်မူပြီး သူ့ကို တို့ထိတော်မူသည် (လုကာ ၅:၁၃)။ ထိုခေတ်တွင် နုံချိရောဂါသည်ကို ထိခြင်းသည် လူမှုရေးအရ တားမြစ်ထားသော်လည်း ယေရှုသည် ကရုဏာတော်ဖြင့် ထိုသူ၏ဒုက္ခကို ကိုယ်စားခံစားပေးခဲ့ခြင်းဖြစ်သည်။ ” ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် ခံတော်မူပြီ” ဤသည်မှာ ကယ်တင်ခြင်း၏ အနက်အဓိပ္ပါယ်ကို ထင်ရှားစေသည်။ ဘုရားသခင်၏ ကရုဏာတော်သည် လူသားတို့၏ အပြစ်နှင့် အားနည်းချက်များကို ကျော်လွှားပြီး သန့်ရှင်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကို ပေးသည်။
၃။ ကယ်တင်ခြင်းသည် ဘဝတစ်ခုလုံးကို ပြောင်းလဲစေသည်
နူနာရောဂါသည်သည် ယေရှုထံမှ ကုသခြင်းခံရပြီးနောက် သူ၏ရောဂါပျောက်ကင်းသွားပြီး လူမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။ ထို့အတူ ကယ်တင်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာသာမက ဝိညာဉ်ရေးရာနှင့် လူမှုရေးအရ ပြန်လည်ထူထောင်ခြင်းကိုလည်း ဆောင်ကြဉ်းပေးသည်။ ယေရှုသည် ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ သွားရန်ညွှန်ကြားခဲ့ပြီး (လုကာ ၅:၁၄) သူ၏သန့်ရှင်းခြင်းကို တရားဝင်အတည်ပြုစေခဲ့သည်။ ဤသည်မှာ ကယ်တင်ခြင်းသည် ဘဝတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းပေးသည်ကို ပြသခြင်းဖြစ်သည်။
၄။ ကယ်တင်ခြင်း၏တန်ခိုး သက်သေခံဖြစ်လာ
ယေရှုသည် ထိုသူအား ဤအကြောင်းကို မပြောရန် မိန့်တော်မူသော်လည်း သူ၏ပြောင်းလဲခြင်းသည် လူအများထံသို့ သတင်းကောင်းအဖြစ် ပျံ့နှံ့သွားခဲ့သည် (လုကာ ၅:၁၅)။ ကယ်တင်ခြင်းသည် ကိုယ်ပိုင်အတွေ့အကြုံတစ်ခုသာမဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အခြားသူများထံ သက်သေခံရန် ဖိတ်ခေါ်ခြင်းလည်းဖြစ်သည်။ ကျွန်ုပ်တို့၏ဘဝတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းဖြင့် အခြားသူများကိုလည်း ကယ်တင်ခြင်းသို့ ဦးတည်စေနိုင်သည်။ ပို့ဆောင်ပေးရန်ဖြစ်သည်။
၅. ယေရှု၏ တန်ခိုးတော်နှင့် ဆက်နွယ်မှု
ယေရှုသည် လူသားများကို ကယ်တင်ခြင်းပေးရန် တန်ခိုးရှိသူအဖြစ် ထင်ရှားသည်။ သူ၏ထိတွေ့ခြင်းနှင့် နှုတ်တော်မြွတ်ဆိုခြင်းသည် ရောဂါကို ပျောက်ကင်းစေပြီး ဘဝသစ်ကို ပေးသည်။ ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များကို ဖယ်ရှားခွင့်လွှတ်ပြီးဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေသူဖြစ်သည်။ (ယောဟန် ၃:၁၆)။
ချစ်သောမိတ်ဆွေ—
ကယ်တင်ခြင်းသည် ယုံကြည်ခြင်းဖြင့် စတင်ပြီး ဘုရားသခင်၏ ကရုဏာတော်နှင့် တန်ခိုးတော်ဖြင့် ပြည့်စုံကာ ဘဝတစ်ခုလုံးကို ပြောင်းလဲပေးသည်။ ယေရှုထံသို့ နှိမ့်ချစွာ ချဉ်းကပ်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံသူတိုင်းသည် သန့်ရှင်းခြင်းနှင့် ငြိမ်သက်ခြင်းကို ရရှိမည်ဖြစ်၏။ ထို့ကြောင့် မိတ်ဆွေသည်လည်း ထိုနုံချိရောဂါသည်ကဲ့သို့ ယုံကြည်ခြင်းဖြင့် ယေရှုထံသို့ ချဉ်းကပ်၍ သူ၏ကျေးဇူးတော်ကို လက်ခံပါက အပြစ်၏ချုပ်နှောင်ခြင်းမှလွတ်မြောက်မည်။ အပြစ်မှလွတ်မြောက်သူအဖြစ်မှ ကယ်တင်ခြင်းအတွက် သက်သေခံသူများဖြစ်ကြပါစို့။






Leave a Reply