နန်းတော်၌နေရတဲ့အရက်တစ်ထောင်ထက်၊ဗိမာန်တော်၏တံတိုင်းနားမှာနေရတဲ့တစ်ရက်ကိုသာ၍နှစ်သက်၏** ဒါဝိဒ်စကားဖြစ်တယ်။
▶︎ ဒါဝိဒ်သည် ရှင်ဘုရင်ဖြစ်သောကြောင့် နန်းတော်ထဲ၌နေသည့်အခါ ဂုဏ်အရှိန်အဝါနှင့် တန်ခိုးပါဝါဖြင့် ပလ္လင်ပေါ်မှာထိုင်ပြီး လူတွေကိုတရားစီရင်၊အုပ်စိုးသောသူဖြ်တယ်။ သို့သော် နန်းတော်ထဲမှာ တန်ခိုးအရှိန်နှင့်နေရတဲ့ အရက်တစ်ထောင်ထက် ဘုရားသခင်၏ အိမ်တော် (ဗိမာန်တော်)မှာတံခါးစောင့်အဖြစ်နေရတဲ့ တစ်ရက်ကိုပို၍ နှစ်သက်ကြောင်း ဖွင့်ဟခဲ့တယ်။
▶︎ နန်းတော်မှာ သူမပျော်နိုင်ဘူး။ ရှင်ဘုရင်ဖြစ်ပါလျက်နဲ့ ဗိမာန်တော်ထဲမှာ တံခါးစောင့်လေးအဖြစ် ပါ၀င်ခွင့်ရတာကိုသူအားရကျေနပ်နေသူဖြစ်တယ်။ ဘုရားမျက်မှောက်တော်ထဲ သူရောက်သွားသည့်အခါ လောကဂုဏ်အရှိန်အဝါကိုသူမေ့သွားခဲ့တယ်။ ဘုန်းကြီးသော ဘုရားသခင်ကို ရှိသမျှဘုန်းအားလုံးကို ပေးအပ်ပြီးကိုးကွယ်တယ်။ ချီးမွမ်းတဲ့အခါ အရှက်အကြောက်မရှိဘူး။ ကလျက်ခုန်လျက် ဝမ်းမြောက်ပြီး ချီးမွမ်းတယ်။ ကိုးကွယ်တဲ့အခါ ဒူးထောက်ပြပ်ဝပ်ပြီး ကိုးကွယ်တယ်။ မိမိကိုယ်ကို နှိမ့်ချပြီး ကျိုးနွံစွာ ဘုရားသခင်ကို ဆည်းကပ်တယ်။
▶︎ ယနေ့ သင်နှင့်ကျွန်ပ်တို့ရဲ့ ချီးမွမ်းခြင်းကို ဆင်ခြင်ကြည့်ပါ။ လက်ခုပ်တောင် မတီး၊ လက်မြှောက်ဖို့ဆို ရှက်ကြောက်နေသေးတယ် မဟုတ်လား။ ဝမ်းမြောက်တဲ့မျက်နှာ မမြင်ရပဲ တစ်လောကလုံးကို လုပ်ကျွေးနေတဲ့မျက်နှာနဲ့ မချိုမချဉ်မျက်နှာနဲ့ပဲ ဝတ်ပြုကိုးကွယ်နေသလား။ မိမိအခြေအနေကိုစစ်ရအောင်။ များစွာသောသူများဟာ ဗိမာန်တော်ထဲရောက်လာတဲ့တိုင် လောကဂုဏ်ရာထူးကိုသာ အလေးထားနေသေးတယ်။ကိုယ့်အရည်အချင်းကိုကြည့်ပြီး တံခါးစောင့်မလုပ်ချင်တဲ့ ယုံကြည်သူတွေအများကြီးပါ။ မိတ်ဆွေ သင်ရော။
တံတိုင်းတော်တို့အတွင်း၌ နေသောတစ်ရက်သည် အခြားအရပ်၌နေသော အရက်တစ်ထောင်ထက် သာ၍ကောင်းပါ၏။ မတရားသောသူ၏နေရာ၌ နေရသောအခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင့်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။ ၊ ဆာလံ၊ ၈၄း၁၀
▶︎ ဒါဝိဒ်ရှင်ဘုရင်ကြီး နန်းတော်ထဲတွင် ပလ္လင်ပေါ်မှာထိုင်ရပေမဲ့ ဘုရားမျက်မှောက်တော်ထဲ ရောက်လာတဲ့အခါအခါ နှိမ့်ချစွာ ရှေ့တော်၌တိုး၀င်တတ်တယ်။ နန်းတော်ထဲမှာနေသည့်အခါ လူတွေကသူ့ကို ဒူးထောက်ရှိခိုးကြတာဖြစ်တယ်။ ဘုရားသခင်မျက်မှောက်တော် ရောက်လာတဲ့အခါ ဘုရားကို ဒူးထောက်ပြီးကိုးကွယ်တယ်။ ရှင်ဘုရင်ဖြစ်လျက်နဲ့ ဘုရားရဲ့အိမ်တော်ထဲရောက်လာတဲ့အခါ အိမ်တော်ရဲ့အမှု့အရာကို အစေခံဖို့လုပ်ဆောင်ဖို့ အမြဲဆန္ဒရှိနေသူဖြစ်တယ်။ သင်ရော ဘုရားကျောင်းရောက်တာလည်းနောက်ကျ၊ ပြန်တော့လည်း အရင်ဆုံးပြန်သွားတတ်သူလား။
▶︎ သင်အနေချင်ဆုံးအရပ်က ဘယ်နေရာလဲ။ ဘုရားကိုချစ်တဲ့နှလုံးသားဟာ ဘုရားနဲ့စပ်ဆိုင်တဲ့အရာကို ပြောတဲ့နေရာ ဆွေးနွေးတဲ့နေရာ၊ ဘုရားလူတွေနဲ့မိဿဟာယဖွဲ့တဲ့နေရာကိုသာ အနှစ်သက်ဆုံးဖြစ်တယ်။ ကျမ်းစာက ဖြောင့်မတ်သောသူတွေနေတဲ့နေရာမှာ ဝမ်းမြောက်ခြင်းအသံ၊ ကယ်တင်ခြင်းအသံရှိတယ်လို့ပြောပါတယ်။ သင်စိတ်ပျက်စရာ၊ စိတ်ညစ်စရာကောင်းတဲ့နေရာမှာနေချင်မလား။ ဘယ်မှာအနေချင်ဆုံးလဲ။ သင်တောင့်တနေချင်တဲ့အရပ်က ဘယ်နေရာလဲ။ သင့်ရွေးချယ်မှု့နဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။
▶︎ ဘုရားသခင် ကြွလာပြီးကောင်းကြီးပေးတဲ့အရပ်ဖြစ်တဲ့ ဘုရားသားသမီးတွေစုဝေးတဲ့နေရာ၊ ဘုရားကိုချီးမွမ်းကိုးကွယ်သောနေရာမှာ နေချင်ပျော်ချင်သောသူဖြစ်ပါစေ။ ဘုရားသခင်လမ်းပြပို့ဆောင်ပါစေ။
ဟဗက္ကုတ၊ ၃း၁၇-၁၈ ။ သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင် မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မျှော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။ 18သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။
ဘ၀မှာ အခြေအနေတွေ ဘယ်လိုရှိနေပါစေ၊ အခြေအနေကိုမကြည့်ပဲ အသက်ရှင်သောဘုရားသခင်ကို ကြည့်ပြီး ချီးမွမ်းပါ။ ဝမ်းမြောက်ခံစားလာရမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အိမ်တော်မှာ ပျော်နေသောသူ ဝမ်းမြောက်နေသောသူဖြစ်ဖို့ ဝိညာဉ်တော်သည် မစတော်မူပါစေ။






Leave a Reply