ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်း
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်အားထက်သန်စွာ ခံယူတတ်သောနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် လွတ်လပ်စွာ အလုပ်လုပ်တော်မူသည်။ တရားဟောချိန်နှင့် ကျမ်းစာသင်ကြားချိန်များတွင် ဝိညာဉ်တော်၏ ခွန်အားနှင့် တန်ခိုးကို ခံစားရသည်။
“ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သောသူ ဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်လည်းကောင်း ပြည့်စုံသောတရားဖြစ်၏။” (၁ သက်၊ ၁:၅) ဟု ကျမ်းစာက ဆိုထားသည်။
သို့သော် နှုတ်ကပတ်တော်ကို အလေးမထား၊ တန်ဖိုးမထားသူများ၊ ခံယူလိုစိတ်မရှိသူများထံတွင် တရားဟောရန်နှင့် ကျမ်းစာသင်ကြားခြင်းမှာ အလွန်ပင်ပန်းသည်။ ထိုသို့သောနေရာမျိုးတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လုပ်မှုသည် အဟန့်အတားဖြစ်တတ်သည်။ စိတ်မပါသူ၊ ဂရုမစိုက်သူများကို မြင်ရသောအခါ စိတ်ပျက်စရာဖြစ်ပြီး ခွန်အားလျော့နည်းစေသည်။
“ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။” (ဟေရှာယ ၂၉:၁၃) ဟု ကျမ်းစာက သတိပေးထားသည်။
ဘုရားကျောင်းသို့လာရောက်ပြီး နှုတ်ကပတ်တော်ကို နားမထောင်ပါက မည်သည့်အကျိုးကိုမျှ ရရှိမည်မဟုတ်ပေ။ ဘုရားကျောင်းတွင် လူနည်းသည်ဖြစ်စေ၊ ကျမ်းစာသင်တန်းတွင် လူနည်းသည်ဖြစ်စေ၊ ၎င်းသည် ပြဿနာမဟုတ်ပါ။ အရေးကြီးသည်မှာ လာရောက်သူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားပြီး စိတ်နှလုံးဖွင့်ထားရန်သာဖြစ်သည်။
တရားဟောချိန်နှင့် ကျမ်းစာသင်ကြားချိန်များတွင် အိပ်ငိုက်နေသူများကို ကျွန်ုပ်သိပ်စိတ်မဆိုးပါ။ သို့သော် ဖုန်းကိုင်နေသူ၊ အာရုံမစိုက်ပဲ ဟိုငေးဒီငေးလုပ်နေသူ၊ တီးတိုးစကားပြောနေသူများသည် စိတ်အနှောက်အယှက်ဖြစ်စေသည်။ ထိုလုပ်ရပ်များသည် ဝိညာဉ်တော်၏အလုပ်လုပ်မှုကို ဆီးတားနိုင်သည်။
သင့်ဘဝတွင် ဘုရားသခင်၏ လမ်းပြခြင်းနှင့် နှုတ်ကပတ်တော်ကို ခံစားလိုပါက၊ နှုတ်ကပတ်တော်ချိန်တွင် စိတ်နှလုံးဖွင့်ပြီး ဂရုတစိုက်နားထောင်ရန် အားပေးလိုပါသည်။ ဆုတောင်းခြင်းဖြင့် ဘုရားကျောင်းသို့ တက်ရောက်ပါ။ ဆုတောင်းခြင်းဖြင့်သာ ကျမ်းစာသင်တန်းများတွင် ပါဝင်ပါ။
သင်၏ပြုမူလုပ်ဆောင်ခြင်းသည် ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းကို ဆီးတားနေသည့်အရာမဖြစ်စေရန် သတိပြုပါ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားပြီး၊ ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းကို လက်ခံရန် အမြဲဆုတောင်းကြပါစို့။
၁ သက်သာလောနိတ် 2:13
ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ ကျေးဇူး တော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။-





Leave a Reply