ကယ်တင်နိုင်သောဘုရား
“ငါတို့၏ဘုရားသခင်သည် ကယ်တင်နိုင်သောဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ရောက်သောလမ်းကိုလည်း အစိုးပိုင်တော်မူ၏” (ဆာ ၆၈:၂၀)။
လောကတွင် ဘုရားဟု ခေါ်ဆိုခံရသော အရာများစွာရှိသော်လည်း၊ စစ်မှန်သောဘုရားသည် အသက်ရှင်တော်မူသော ထာဝရဘုရားတစ်ပါးတည်းသာဖြစ်သည်။ ကိုးကွယ်ထိုက်သောဘုရားသည် ကယ်တင်နိုင်စွမ်းရှိသူဖြစ်ရမည်။ တရားသာပြပြီး ကယ်တင်နိုင်ခြင်းမရှိလျှင် အသက်ရှင်သောဘုရားမဟုတ်ပါ။ ကျွန်ုပ်တို့ကိုးကွယ်သော ထာဝရဘုရားသည် “ကောင်းကင်နှင့်မြေကြီးကို နှုတ်တော်အားဖြင့် ဖန်ဆင်းတော်မူ၍” (ဆာ ၃၃:၆)၊ လူသားများကို လက်တော်အားဖြင့် ဖန်ဆင်းပြီး လူတို့၏ အသက်ရှူသံကိုပင် ပိုင်ဆိုင်ထိန်းသိမ်းတော်မူသောသူဖြစ်သည် (ဟေရှာယ ၄၂:၅)။
ဝိညာဉ်ကို ကယ်တင်သောဘုရား
ထာဝရဘုရားသည် ကျွန်ုပ်တို့ကို အရာအားလုံးမှ ကယ်တင်နိုင်တော်မူသည်။ လူသားတို့သည် နေ့စဉ်အပြစ်ဒုစရိုက်များနှင့် မကင်းလွတ်နိုင်ပါ။ အပြစ်၏အခကြောင့် သေခြင်းကိုရင်ဆိုင်ရမည်။ ထို့ကြောင့် တမလွန်ဘဝအတွက် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေကြသည်။ သို့သော် ဘုရားသခင်သည် သားတော်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးတော်မူသည်။ “ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။-” (ယောဟန် ၃:၃၆)။ ယုံကြည်ခြင်းဖြင့် သားတော်ကို လက်ခံသူများသည် ငရဲမှ လွတ်မြောက်ပြီး ကယ်တင်ခြင်းကို ရရှိကြမည်ဖြစ်သည်။ လူသားချင်း မကယ်တင်နိုင်သော်လည်း၊ ဘုရားသခင်သည် အပြစ်နှင့် ငရဲမှ ကယ်တင်နိုင်တော်မူသည်။
ခန္ဓာကိုယ်နှင့် လိုအပ်ချက်များကို ကယ်တင်သောဘုရား
ဘုရားသခင်သည် ဝိညာဉ်ကိုသာမက ကျွန်ုပ်တို့၏ ခန္ဓာကိုယ်နှင့် နေ့စဉ်ဘဝလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ ဒုက္ခဆင်းရဲထဲတွင် ကယ်တင်ပြီး လမ်းမရှိသောနေရာတွင် လမ်းခင်းပေးတော်မူသည်။
“သူတို့သည် တောလမ်းဖြင့်ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဖို့ ကျောက်ထဲကရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူသဖြင့်၊ ရေသည် စီးထွက်လေ၏။ ” (ဟေရှာယ ၄၈:၂၁)။
ရန်သူဝိုင်းနေချိန်၊ ပင်လယ်ပိတ်ဆို့ထားချိန်တွင်ပင် လမ်းဖွင့်ပေးခဲ့သည် (ထွက်မြောက်ရာ ၁၄:၂၁-၂၂)။ စားစရာမရှိသည့်အခါ မန္နမုန့်နှင့် ငုံးသားများကို ပေးပို့ခဲ့သည် (ထွက်မြောက်ရာ ၁၆:၄, ၁၃)။
၁၂ နှစ်ကြာ သွေးသွန်ရောဂါခံစားနေရသော အမျိုးသမီးကို ကျန်းမာစေခဲ့သည် (မာကု ၅:၂၅-၃၄)။ သေဆုံးသွားသော လာဇရုကို ထမြောက်စေခဲ့သည် (ယောဟန် ၁၁:၄၃-၄၄)။ ခြေမစွမ်း၊ မျက်စိကန်းသူများကို ပျောက်ကင်းစေခဲ့သည် (မဿဲ ၁၅:၃၀-၃၁)။ ကာနမြို့မင်္ဂလာပွဲတွင် အဆင်မပြေမှုကို ဖြေရှင်းပေးခဲ့သည် (ယောဟန် ၂:၁-၁၁)။ ဤသက်သေများသည် ဘုရားသခင်၏ ကယ်တင်နိုင်စွမ်းကို ထင်ရှားစေသည်။
အစဉ်မပြောင်းလဲသောဘုရား
မည်သည့်ဒုက္ခပြဿနာကြုံတွေ့နေရပါစေ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမှ စွန့်ပစ်မထားပါ။ “သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟောပြော၏။ ” (တရား၊ ၃၁:၆)။ ဒုက္ခထဲမှ အော်ဟစ်ခေါ်သံကို အမြဲနားထောင်ပြီး ကယ်တင်ရန် လက်တော်ကို ဆန့်တန်းပေးသည်။ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။-” (ဟေဗြဲ ၁၃:၈)။ ယခုဘဝရော၊ နောင်ဘဝ အတွက်ရော ကယ်တင်နိုင်သောဘုရားသည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားဖြစ်ပါသည်။
ထိုအသက်ရှင်သော ဘုရားသခင်ကို ယုံကြည်သောသူတိုင်းသည် ယခုဘ၀၊ နောင်ဘ၀အတွက် အာမခံရရှိမည်ဖြစ်သည်။ ယနေ့ သင်လိုအပ်သမျှကိုလည်း ထောင်ပံ့ပေးမည့် ဘုရားရှင်တော်မြတ်ဖြစ်သည်။ သေနေသောဘုရားမဟုတ်၊ အစက်ရှင်သော ဘုရားဖြစ်သည်။ ထိုဘုရားရှင်နာမတော် ကမ္ဘာအဆက် ဆက်ဘုန်းကြီးတော်မူပါစေသတည်း။






Leave a Reply