ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

ကျေးဇူးပြုခြင်းခံရသောနှလုံးသား

ကျေးဇူးပြုခြင်းခံရသောနှလုံးနှင့် ကျိန်ခြင်းခံရသောနှလုံးသား

ကျိန်ခြင်းခံရသောနှလုံသား (၂ ဓမ္မရာဇဝင် ၁၅:၁-၆)

အဗရှလုံသည် ဒါဝိဒ်မင်း၏ သားတော်ဖြစ်သော်လည်း၊ သူ၏ စိတ်နှလုံးသည် ကောက်ကျစ်စဉ်းလဲမှုနှင့် မနာလိုစိတ်များဖြင့် ပြည့်နှက်နေသူဖြစ်သည်။ သူ၏ လုပ်ရပ်များက ကျိန်ခြင်းခံရသောနှလုံးသား၏ သဘောသဘာဝကို ထင်ရှားစွာ ဖော်ပြနေပါသည်။ ကျိန်ခြင်းခံရသော နှလုံးသားသည် မင်္ဂလာနှင့်ဝေးကွားနေပါသည်။

အဗရှလုံ၏ စိတ်နှလုံးသားမှာ

  • ကောက်ကျစ်စဉ်းလဲမှု။ အပြင်ပန်းတွင် ပြုံးရွှင်ဟန်ဆောင်ပြီး၊ အတွင်းစိတ်ထဲတွင် မြေခွေးကဲ့သို့ လှည့်ဖျားကြံစည်သူဖြစ်သည်။ ​ေနောက်ကျောကိုပွတ်သပ်ပြီး အူကိုနှုတ်သူလို့ ခေါ်ဆိုရမည်။
  • မနာလိုစိတ်ပြည့်နှက်မှု။ သူတစ်ပါး၏ အောင်မြင်မှုကို မနာလိုဖြစ်ပြီး၊ ဖျက်ဆီးလိုသော ဆန္ဒရှိသူဖြစ်သည်။ မနာလိုမှု့ကြောင့် စိတ်မချမ်းမြေ့ အိပ်မပျော် စားမပျော်သူဖြစ်သည်။
  • အာဃာတနှင့် အညှိုးအတေးပြည့်သူ။ သူ၏ နှလုံးသားထဲတွင် အဆိပ်အတောက်များဖြင့် ပုတ်သိုးနေသူဖြစ်သည်။ အငြိုးအတေးထားကြီးမားနေသူဖြစ်ပေသည်။
  • မကောင်းသောအကြံအစည်များ။ အချိန်တိုင်း သူတစ်ပါးကို ထိခိုက်စေရန် မကောင်းသောအကြံများကိုသာ စဉ်းစားကြံစည်သူဖြစ်သည်။

အကျိုးဆက်များမှာ မလှပခဲ့ပါ။

  1. ဘဝ၏ အဆုံးသတ်မလှခြင်း။ ရှင်ဘုရင်သားဖြစ်သော်လည်း၊ သူ၏ မကောင်းသောနှလုံးသားကြောင့် ရက်စက်စွာ အသတ်ခံရသည်။
  2. ကောင်းကြီးမင်္ဂလာ မရှိခြင်း။ ကျိန်ခြင်းခံရသောနှလုံးသည် ဘဝတွင် ငြိမ်သက်ခြင်းနှင့် အောင်မြင်ခြင်းကို မဆောင်ကြဉ်းပေးနိုင်ပါ။

“မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ဆုံး​ရှုံး၍၊ တ​ရား​သော​သူ​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နှ​လုံး​နှင့် ကျောက်​ကပ်​ကို စစ်​တော်​မူ​တတ်​ပါ၏။” (ဆာ ၇:၉)။


ကျေးဇူးပြုခြင်းခံရသောနှလုံးသားရှိသူ (၁ ရာဇဝင် ၁၇:၁-၂၇)

ဒါဝိဒ်မင်းသည် ရှင်ဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏ နှလုံးသားသည် ဘုရားသခင်ကို ကျေးဇူးတင်တတ်သူ ချီးမွမ်းတတ်သူဖြစ်သည်။ ကရုဏာစိတ်နှင့် ကောင်းမြတ်သောအကြံအစည်များဖြင့် ပြည့်စုံသူဖြစ်သည်။ သူ၏ အသက်တာသည် ကျေးဇူးပြုခြင်းခံရသောနှလုံးသား ၏ ပြယုဂ်တစ်ခုဖြစ်သည်။

ဒါဝိဒ်၏ စိတ်နှလုံးသားမှာ

  • ဘုရားသခင်ကို ကျေးဇူးတင်တတ်သူ။ ဘုရားသခင်နှင့် ပတ်သက်သောအရာများကို ဆင်ခြင်ပြီး ကျေနပ်ပီတိဖြစ်တတ်သူဖြစ်သည် ။ ဘုရားသခင်အကြောင်းကိုသာ ဆင်ခြင်အောက်မေ့တတ်သူဖြစ်သည်။ (ဆာ ၆၃:၅)။
  • ခွင့်လွှတ်ခြင်းနှင့် ကရုဏာစိတ်
    • သားတော်အဗရှလုံက လိုက်လံသတ်ဖြတ်ရန် ကြံစည်ချိန်တွင် ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ တိမ်းရှောင်ခဲ့သည်။
    • ရှောလုမင်းက သူ့ကို လိုက်လံသတ်ဖြတ်ရန် ကြံစည်ချိန်တွင်၊ အခွင့်အရေးရရှိခဲ့သော်လည်း သတ်ဖြတ်ခြင်းမပြုခဲ့ပါ (၁ ဓမ္မရာဇဝင် ၂၄:၁-၇)။
    • ရှိမိက ကျိန်ဆဲသောအခါတွင်လည်း ခွင့်လွှတ်ပြီး ကရုဏာစိတ်ထားခဲ့သည် (၂ ဓမ္မရာဇဝင် ၁၆:၅-၁၃)။
  • ကောင်းသောအကြံအစည်များ။ ဘုရားသခင်၏ ဘုန်းတော်အတွက် အကျိုးပြုသော အကြံအစည်များကို စဉ်းစားကြံစည်သူဖြစ်သည်။
  • စစ်မှန်သောနောင်တရမှု။ သူ၏ ဘဝတွင် မှားယွင်းခဲ့ဖူးသော်လည်း (ဥပမာ၊ ဗာသရှေဘနှင့်မှားယွင်းခြင်းအမှု) စစ်မှန်သောနောင်တဖြင့် ဘုရားသခင်ထံ ပြန်လည်ချဉ်းကပ်သူဖြစ်သည် (ဆာ ၅၁)။

အကျိုးဆက်မင်္ဂလာမှာ

  1. ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ။ ဒါဝိဒ်၏ နှလုံးသည် ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်သောကြောင့်၊ သူ၏ ဘဝတွင် ဘုရားသခင်၏ ကာကွယ်မှုနှင့် လမ်းပြမှုကို ရရှိခဲ့သည်။
  2. စစ်မှန်သောငြိမ်သက်ခြင်း။ သူ၏ ကောင်းသောနှလုံးသားသည် သူ၏အသက်တာတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း မင်္ဂလာကိုဖြစ်စေသည်။
  3. ချစ်ခြင်းမေတ္တာနှင့် ကရုဏာစိတ်။ ဒါဝိဒ်သည် သူတစ်ပါးအကျိုးကို ဖျက်ဆီးလိုသောဆန္ဒမရှိဘဲ၊ ချစ်ခြင်းမေတ္တာနှင့် ကြင်နာသောသူဖြစ်သည်။ ရန်သူကိုပင် ကျေးဇူးပြုသောနှလုံးသားလှပသောသူဖြစ်သည်။ ဒါကြောင့် ဘုရားသခင်၏ ကျေးဇူးပြုခြင်းခံရသူဖြစ်၏။

“အ​ကျွန်ုပ်​ပြော​သော​စ​ကား​နှင့် စိတ်​နှ​လုံး၏​အ​ကြံ​အ​စည်​သည် ရှေ့​တော်၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်​ကို​ရွေး​နုတ်​တော်​မူ​သော​ဘု​ရား။” (ဆာ ၁၉:၁၄)။


ကောင်းသောအကျင့်ကို နှလုံးသွင်းစို့

ဖိလိပ္ပိ ၄:၈ တွင် ကျွန်ုပ်တို့၏ နှလုံးသားကို ကောင်းမြတ်သောအရာများဖြင့် ဖြည့်ဆည်းရန် တိုက်တွန်းထားသည်။ ဤသည်မှာ ကျေးဇူးပြုခြင်းခံရသောနှလုံးကို ပိုင်ဆိုင်ရန် တိုက်တွန်းချက်ဖြစ်သည်။

“ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-” (ဖိလိပ္ပိ ၄:၈)။

ကောင်းသောအကျင့်များကို ဆင်ခြင်နှလုံးသွင်းဖို့ လက်တွေ့အဆင့်များ

  1. ဘုရားသခင်နှင့် ဆက်နွှယ်မှုကို ခိုင်မြဲစေခြင်း။ ဆုတောင်းခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်းနှင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ရှာဖွေခြင်းဖြင့် နှလုံးသားကို သန့်ရှင်းစေနိုင်သည်။
  2. ခွင့်လွှတ်ခြင်းနှင့် ကရုဏာစိတ်ကို မွေးမြူခြင်း။ ဒါဝိဒ်ကဲ့သို့ သူတစ်ပါး၏ မကောင်းမှုကို ခွင့်လွှတ်ပြီး၊ ကရုဏာစိတ်ဖြင့် ပြုမူခြင်းသည် နှလုံးသားကို သန့်ရှင်းစေသည်။
  3. မကောင်းသောအကြံအစည်များကို ရှောင်ကြဉ်ခြင်း။ အဗရှလုံကဲ့သို့ မနာလိုမှု၊ အာဃာတနှင့် ကောက်ကျစ်မှုများကို စွန့်လွှတ်ပြီး၊ ဖြောင့်မတ်သောအကြံအစည်များကို နှလုံးသွင်းရန် ကြိုးစားရမည်။ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံရမည်။
  4. သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားခြင်း။ ကောင်းသောနှလုံးသည် သူတစ်ပါး၏ အကျိုးကို ဖျက်ဆီးလိုသောဆန္ဒမရှိဘဲ၊ ချစ်ခြင်းမေတ္တာနှင့် ကြင်နာမှုကို ပြသတတ်သည်။ ကျေးဇူးပြုလိုသော ဆန္ဒကိုသာ မွေးမြူနှလုံးသွင်းထားသည်။

ကျိန်ခြင်းခံရသောနှလုံးသည် မနာလိုမှု၊ အာဃာတနှင့် ကောက်ကျစ်စဉ်းလဲမှုများဖြင့် ပြည့်နှက်နေပြီး၊ ထိုနှလုံးသားသည် အသက်တာတွင် ကောင်းကြီးမင်္ဂလာနှင့် ငြိမ်သက်ခြင်းကို မပေးနိုင်ပါ။ အဗရှလုံ၏ ဘဝသည် ထိုသို့သော နှလုံးသား၏ အကျိုးဆက်ကို ထင်ရှားစွာ ဖော်ပြနေသည်။ ကျေးဇူးပြုခြင်းခံရသောနှလုံးသည် ဘုရားသခင်အပေါ် ကျေးဇူးသိတတ်မှု၊ ချစ်ခြင်းမေတ္တာနှင့် ကရုဏာစိတ်ဖြင့် ပြည့်စုံပြီး၊ ဘဝတွင် ဘုရားသခင်၏ ကာကွယ်မှုနှင့် ငြိမ်သက်ခြင်းကို ခံစားရစေသည်။ ဒါဝိဒ်၏ ဘဝသည် ထိုသို့သော နှလုံးသား၏ ပြယုဂ်ဖြစ်သည်။

ကျွန်ုပ်တို့သည် ဖိလိပ္ပိ ၄:၈ ၏ တိုက်တွန်းချက်အတိုင်း၊ ကောင်းမြတ်သောအကျင့်များကို နှလုံးသွင်းပြီး၊ ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်သော နှလုံးသားကို ပိုင်ဆိုင်ရန် ကြိုးစားကြပါစို့။ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ အသက်တာသည် ကျေးဇူးပြုခြင်းခံရသောနှလုံးဖြင့် ပြည့်စုံပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ခံစားရရှိနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းနှိုဆော်ပါသည်။


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading