ကျေးဇူးပြုခြင်းခံရသောနှလုံးနှင့် ကျိန်ခြင်းခံရသောနှလုံးသား
ကျိန်ခြင်းခံရသောနှလုံသား (၂ ဓမ္မရာဇဝင် ၁၅:၁-၆)
အဗရှလုံသည် ဒါဝိဒ်မင်း၏ သားတော်ဖြစ်သော်လည်း၊ သူ၏ စိတ်နှလုံးသည် ကောက်ကျစ်စဉ်းလဲမှုနှင့် မနာလိုစိတ်များဖြင့် ပြည့်နှက်နေသူဖြစ်သည်။ သူ၏ လုပ်ရပ်များက ကျိန်ခြင်းခံရသောနှလုံးသား၏ သဘောသဘာဝကို ထင်ရှားစွာ ဖော်ပြနေပါသည်။ ကျိန်ခြင်းခံရသော နှလုံးသားသည် မင်္ဂလာနှင့်ဝေးကွားနေပါသည်။
အဗရှလုံ၏ စိတ်နှလုံးသားမှာ
- ကောက်ကျစ်စဉ်းလဲမှု။ အပြင်ပန်းတွင် ပြုံးရွှင်ဟန်ဆောင်ပြီး၊ အတွင်းစိတ်ထဲတွင် မြေခွေးကဲ့သို့ လှည့်ဖျားကြံစည်သူဖြစ်သည်။ ေနောက်ကျောကိုပွတ်သပ်ပြီး အူကိုနှုတ်သူလို့ ခေါ်ဆိုရမည်။
- မနာလိုစိတ်ပြည့်နှက်မှု။ သူတစ်ပါး၏ အောင်မြင်မှုကို မနာလိုဖြစ်ပြီး၊ ဖျက်ဆီးလိုသော ဆန္ဒရှိသူဖြစ်သည်။ မနာလိုမှု့ကြောင့် စိတ်မချမ်းမြေ့ အိပ်မပျော် စားမပျော်သူဖြစ်သည်။
- အာဃာတနှင့် အညှိုးအတေးပြည့်သူ။ သူ၏ နှလုံးသားထဲတွင် အဆိပ်အတောက်များဖြင့် ပုတ်သိုးနေသူဖြစ်သည်။ အငြိုးအတေးထားကြီးမားနေသူဖြစ်ပေသည်။
- မကောင်းသောအကြံအစည်များ။ အချိန်တိုင်း သူတစ်ပါးကို ထိခိုက်စေရန် မကောင်းသောအကြံများကိုသာ စဉ်းစားကြံစည်သူဖြစ်သည်။
အကျိုးဆက်များမှာ မလှပခဲ့ပါ။
- ဘဝ၏ အဆုံးသတ်မလှခြင်း။ ရှင်ဘုရင်သားဖြစ်သော်လည်း၊ သူ၏ မကောင်းသောနှလုံးသားကြောင့် ရက်စက်စွာ အသတ်ခံရသည်။
- ကောင်းကြီးမင်္ဂလာ မရှိခြင်း။ ကျိန်ခြင်းခံရသောနှလုံးသည် ဘဝတွင် ငြိမ်သက်ခြင်းနှင့် အောင်မြင်ခြင်းကို မဆောင်ကြဉ်းပေးနိုင်ပါ။
“မတရားသောသူတို့၏ အဓမ္မအမှုကိုဆုံးရှုံး၍၊ တရားသောသူတို့ကို မြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသောဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။” (ဆာ ၇:၉)။
ကျေးဇူးပြုခြင်းခံရသောနှလုံးသားရှိသူ (၁ ရာဇဝင် ၁၇:၁-၂၇)
ဒါဝိဒ်မင်းသည် ရှင်ဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏ နှလုံးသားသည် ဘုရားသခင်ကို ကျေးဇူးတင်တတ်သူ ချီးမွမ်းတတ်သူဖြစ်သည်။ ကရုဏာစိတ်နှင့် ကောင်းမြတ်သောအကြံအစည်များဖြင့် ပြည့်စုံသူဖြစ်သည်။ သူ၏ အသက်တာသည် ကျေးဇူးပြုခြင်းခံရသောနှလုံးသား ၏ ပြယုဂ်တစ်ခုဖြစ်သည်။
ဒါဝိဒ်၏ စိတ်နှလုံးသားမှာ
- ဘုရားသခင်ကို ကျေးဇူးတင်တတ်သူ။ ဘုရားသခင်နှင့် ပတ်သက်သောအရာများကို ဆင်ခြင်ပြီး ကျေနပ်ပီတိဖြစ်တတ်သူဖြစ်သည် ။ ဘုရားသခင်အကြောင်းကိုသာ ဆင်ခြင်အောက်မေ့တတ်သူဖြစ်သည်။ (ဆာ ၆၃:၅)။
- ခွင့်လွှတ်ခြင်းနှင့် ကရုဏာစိတ်။
- သားတော်အဗရှလုံက လိုက်လံသတ်ဖြတ်ရန် ကြံစည်ချိန်တွင် ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ တိမ်းရှောင်ခဲ့သည်။
- ရှောလုမင်းက သူ့ကို လိုက်လံသတ်ဖြတ်ရန် ကြံစည်ချိန်တွင်၊ အခွင့်အရေးရရှိခဲ့သော်လည်း သတ်ဖြတ်ခြင်းမပြုခဲ့ပါ (၁ ဓမ္မရာဇဝင် ၂၄:၁-၇)။
- ရှိမိက ကျိန်ဆဲသောအခါတွင်လည်း ခွင့်လွှတ်ပြီး ကရုဏာစိတ်ထားခဲ့သည် (၂ ဓမ္မရာဇဝင် ၁၆:၅-၁၃)။
- ကောင်းသောအကြံအစည်များ။ ဘုရားသခင်၏ ဘုန်းတော်အတွက် အကျိုးပြုသော အကြံအစည်များကို စဉ်းစားကြံစည်သူဖြစ်သည်။
- စစ်မှန်သောနောင်တရမှု။ သူ၏ ဘဝတွင် မှားယွင်းခဲ့ဖူးသော်လည်း (ဥပမာ၊ ဗာသရှေဘနှင့်မှားယွင်းခြင်းအမှု) စစ်မှန်သောနောင်တဖြင့် ဘုရားသခင်ထံ ပြန်လည်ချဉ်းကပ်သူဖြစ်သည် (ဆာ ၅၁)။
အကျိုးဆက်မင်္ဂလာမှာ
- ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ။ ဒါဝိဒ်၏ နှလုံးသည် ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်သောကြောင့်၊ သူ၏ ဘဝတွင် ဘုရားသခင်၏ ကာကွယ်မှုနှင့် လမ်းပြမှုကို ရရှိခဲ့သည်။
- စစ်မှန်သောငြိမ်သက်ခြင်း။ သူ၏ ကောင်းသောနှလုံးသားသည် သူ၏အသက်တာတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း မင်္ဂလာကိုဖြစ်စေသည်။
- ချစ်ခြင်းမေတ္တာနှင့် ကရုဏာစိတ်။ ဒါဝိဒ်သည် သူတစ်ပါးအကျိုးကို ဖျက်ဆီးလိုသောဆန္ဒမရှိဘဲ၊ ချစ်ခြင်းမေတ္တာနှင့် ကြင်နာသောသူဖြစ်သည်။ ရန်သူကိုပင် ကျေးဇူးပြုသောနှလုံးသားလှပသောသူဖြစ်သည်။ ဒါကြောင့် ဘုရားသခင်၏ ကျေးဇူးပြုခြင်းခံရသူဖြစ်၏။
“အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောဘုရား။” (ဆာ ၁၉:၁၄)။
ကောင်းသောအကျင့်ကို နှလုံးသွင်းစို့
ဖိလိပ္ပိ ၄:၈ တွင် ကျွန်ုပ်တို့၏ နှလုံးသားကို ကောင်းမြတ်သောအရာများဖြင့် ဖြည့်ဆည်းရန် တိုက်တွန်းထားသည်။ ဤသည်မှာ ကျေးဇူးပြုခြင်းခံရသောနှလုံးကို ပိုင်ဆိုင်ရန် တိုက်တွန်းချက်ဖြစ်သည်။
“ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဖွယ်သော အကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့် ဆိုင်သောအကျင့်တို့ကိုလည်းကောင်း၊ နှလုံးသွင်းကြလော့။-” (ဖိလိပ္ပိ ၄:၈)။
ကောင်းသောအကျင့်များကို ဆင်ခြင်နှလုံးသွင်းဖို့ လက်တွေ့အဆင့်များ
- ဘုရားသခင်နှင့် ဆက်နွှယ်မှုကို ခိုင်မြဲစေခြင်း။ ဆုတောင်းခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်းနှင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ရှာဖွေခြင်းဖြင့် နှလုံးသားကို သန့်ရှင်းစေနိုင်သည်။
- ခွင့်လွှတ်ခြင်းနှင့် ကရုဏာစိတ်ကို မွေးမြူခြင်း။ ဒါဝိဒ်ကဲ့သို့ သူတစ်ပါး၏ မကောင်းမှုကို ခွင့်လွှတ်ပြီး၊ ကရုဏာစိတ်ဖြင့် ပြုမူခြင်းသည် နှလုံးသားကို သန့်ရှင်းစေသည်။
- မကောင်းသောအကြံအစည်များကို ရှောင်ကြဉ်ခြင်း။ အဗရှလုံကဲ့သို့ မနာလိုမှု၊ အာဃာတနှင့် ကောက်ကျစ်မှုများကို စွန့်လွှတ်ပြီး၊ ဖြောင့်မတ်သောအကြံအစည်များကို နှလုံးသွင်းရန် ကြိုးစားရမည်။ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံရမည်။
- သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားခြင်း။ ကောင်းသောနှလုံးသည် သူတစ်ပါး၏ အကျိုးကို ဖျက်ဆီးလိုသောဆန္ဒမရှိဘဲ၊ ချစ်ခြင်းမေတ္တာနှင့် ကြင်နာမှုကို ပြသတတ်သည်။ ကျေးဇူးပြုလိုသော ဆန္ဒကိုသာ မွေးမြူနှလုံးသွင်းထားသည်။
ကျိန်ခြင်းခံရသောနှလုံးသည် မနာလိုမှု၊ အာဃာတနှင့် ကောက်ကျစ်စဉ်းလဲမှုများဖြင့် ပြည့်နှက်နေပြီး၊ ထိုနှလုံးသားသည် အသက်တာတွင် ကောင်းကြီးမင်္ဂလာနှင့် ငြိမ်သက်ခြင်းကို မပေးနိုင်ပါ။ အဗရှလုံ၏ ဘဝသည် ထိုသို့သော နှလုံးသား၏ အကျိုးဆက်ကို ထင်ရှားစွာ ဖော်ပြနေသည်။ ကျေးဇူးပြုခြင်းခံရသောနှလုံးသည် ဘုရားသခင်အပေါ် ကျေးဇူးသိတတ်မှု၊ ချစ်ခြင်းမေတ္တာနှင့် ကရုဏာစိတ်ဖြင့် ပြည့်စုံပြီး၊ ဘဝတွင် ဘုရားသခင်၏ ကာကွယ်မှုနှင့် ငြိမ်သက်ခြင်းကို ခံစားရစေသည်။ ဒါဝိဒ်၏ ဘဝသည် ထိုသို့သော နှလုံးသား၏ ပြယုဂ်ဖြစ်သည်။
ကျွန်ုပ်တို့သည် ဖိလိပ္ပိ ၄:၈ ၏ တိုက်တွန်းချက်အတိုင်း၊ ကောင်းမြတ်သောအကျင့်များကို နှလုံးသွင်းပြီး၊ ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်သော နှလုံးသားကို ပိုင်ဆိုင်ရန် ကြိုးစားကြပါစို့။ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ အသက်တာသည် ကျေးဇူးပြုခြင်းခံရသောနှလုံးဖြင့် ပြည့်စုံပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ခံစားရရှိနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းနှိုဆော်ပါသည်။





Leave a Reply