ကောင်းကင်ဘုံ၌စိုးစံတော်မူသောအဖဘုရား၊
ဤဖခင်များနေ့အတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။ ဖခင်များသည် မိသားစုများကို ချစ်ခြင်းမေတ္တာ၊ ဖြောင့်မတ်မှု၊ နှင့် ကရုဏာဖြင့် ဦးဆောင်ပြသပေးနိုင်ရန် ကိုယ်တော် ၏လမ်းညွှန်မှုကို မျှော်လင့်သောသူများ၊ အားကိုးသူများ ဖြစ်စေတော်မူပါ။ သမ္မာကျမ်းစာတွင် ဖခင်ကောင်းများဖြစ်သည့် အာဗြဟံ၊ ယောဘ၊ ယောသပ်တို့ကဲ့သို့ ဖခင်တို့၏ယုံကြည်ခြင်း၊ နာခံခြင်း၊ နှင့် သားသမီးများအတွက် ဝိညာဉ်ရေးရာတာဝန်ယူမှုတို့ကို စံနမူနာယူပြီး၊ ကိုယ်တော်၏အလိုတော်အတိုင်း လျှောက်လှမ်းစေတော်မူပါ။
ဖခင်များအား ဉာဏ်ပညာ၊ စိတ်ရှည်သည်းခံမှု၊ နှင့် ခွန်အားပေးတော်မူပါ။ သူတို့သည် သားသမီးများကို ကိုယ်တော်၏ သမ္မာတရားနှင့် မေတ္တာတော်အား သင်ကြားပြသရာ၌ မဆုတ်မနစ်ရှိကြပါစေ။ သုတ္တံကျမ်း 22:6 “သူငယ်သွားရာလမ်း၀၌ ဆုံးမသွန်သင်လော့” ဟူသော နှုတ်တော်ထွက်စကားအတိုင်း၊ သူတို့၏သားသမီးများကို ဘုရားသခင်ကိုကိုးစားရန် သွန်သင်ပြသနိုင်ဖို့ ကူမတော်မူပါ။
ဖခင်များသည် မိသားစုအတွက် ကာကွယ်စောင့်ရှောက်ပေးသူများဖြစ်ပြီး၊ ခက်ခဲသောအချိန်များတွင် ယုံကြည်ခြင်းဖြင့် ခံနိုင်ရည်ရှိစေပါ။ သူတို့၏ပင်ပန်းမှုများ၊ စွန့်လွှတ်အနစ်နာခံမှုများကို ကောင်းချီးပေးတော်မူပါ။ မိသားစုအတွက် ဝိညာဉ်ရေးရာနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ၌ ဖခင်တို့အား လမ်းပြတော်မူပါ။
ထို့အပြင်၊ ဖခင်မရှိသော သားသမီးများနှင့် ဖခင်များအား ဆုံးရှုံးထားရသူများကိုလည်း ကိုယ်တော်၏မပြောင်းလဲသော မေတ္တာဖြင့် နှစ်သိမ့်ပေးတော်မူပါ။ ကိုယ်တော်သည် ဖခင်မရှိသူတို့၏ ဖခင်ဖြစ်တော်မူသည် (ဆာလံ 68:5)။ သူတို့အား ကိုယ်တော်၏အကာအကွယ်နှင့် ချစ်ခြင်းမေတ္တာဖြင့် ဝန်းရံပေးတော်မူပါ။
ဤနေ့တွင် ဖခင်အားလုံးကို ကောင်းချီးပေးတော်မူပါ။ သူတို့သည် ကိုယ်တော်၏လမ်းညွှန်မှုဖြင့် မိသားစုကို ဦးဆောင်ရင်း၊ သားသမီးများအတွက် ဘုရားသခင်၏မေတ္တာကို ထင်ဟပ်ပြသနိုင်ကြပါစေ။ သခင်ယေရှုခရစ်၏ နာမတော်အားဖြင့် ဆုတောင်းပါ၏။ အာမင်။






Leave a Reply