ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

နံနက်ခင်းမြင်ကွင်းမှဆင်ခြင်စရာ

ဆာလံ၊ ၅း၃ – အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။ 


နံနက်ခင်း၏ တိတ်ဆိတ်မှုနှင့် ဆင်ခြင်ခြင်း

နံနက်ခင်း၏ အေးချမ်းသော အလင်းရောင်သည် ကျွန်ုပ်၏ ဆုတောင်းခန်းထဲသို့ တိုးဖောက်ဝင်ရောက်လာသည်။ ပြတင်းပေါက်၏ ခန်းဆီးကို ဖွင့်လိုက်တိုင်း နွေရာသီ၏ မနက်ခြောက်နာရီအချိန်တွင် အလင်းရောင်သည် ကျမ်းစာစာမျက်နှာများပေါ်သို့ နူးညံ့စွာ လှမ်းလာတတ်သည်။ ဤအချိန်သည် ဘုရားသခင်နှင့် စကားပြောရာ၊ နှုတ်ကပတ်တော်ကို ဖတ်ရှုဆင်ခြင်ရာ အချိန်ဖြစ်သည်။ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အိမ်နီးချင်း၏ အိမ်နောက်ဖက်ခြံဝင်းကို မြင်တွေ့ရသည်။

ထိုအချိန်တွင် အိမ်နီးချင်းတစ်ဦးသည် နေ့စဉ်ပုံမှန်အတိုင်း အပြင်သို့ထွက်လာသည်။ မနက်ခြောက်နာရီခွဲခန့်တွင် သူသည် ဆေးလိပ်တစ်လိပ်ကို မီးညှိဖွာရင်း၊ ဖုန်းကိုင်ကြည့်ရင်း ထိုင်နေတတ်သည်။ ဆယ်ငါးမိနစ်ခန့် ထိုင်နေပြီးနောက် ကားစက်နှိုးသံကြားရပြီး သူထွက်သွားသည်။ ဤမြင်ကွင်းသည် နေ့စဉ်ထပ်တလဲလဲ ဖြစ်ပေါ်နေပြီး ကျွန်ုပ်အတွက် ရိုးရှင်းသော်လည်း နက်နဲသော ဆင်ခြင်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။

လူတိုင်းသည် တစ်စုံတစ်ခုအတွက် အချိန်ပေးလေ့ရှိသည်။ အိမ်နီးချင်းသည် ဆေးလိပ်ဖွာရန် နံနက်တိုင်း ပုံမှန်အချိန်ယူသည်။ ကျွန်ုပ်သည်လည်း နံနက်တိုင်း ဘုရားသခင်နှင့် ဆုတောင်းရန်၊ ကျမ်းစာဖတ်ရန် အချိန်ယူသည်။ သို့သော် ဤအချိန်ပေးမှုနှစ်ခုသည် မတူပေ။ တစ်ခုသည် ခန္ဓာကိုယ်နှင့် စိတ်ကို ခဏတာ ဖြည့်ဆည်းပေးနိုင်သော်လည်း၊ ကျွန်ုပ်၏ အချိန်ပေးမှုသည် ဝိညာဉ်ကို အာဟာရဖြည့်ပေးပြီး ဘုရားသခင်၏ ကရုဏာတော်နှင့် လမ်းပြမှုကို ခံစားရစေသည်။

ဆာလံကျမ်း ၅:၃ တွင် ဆိုထားသည့်အတိုင်း၊ “အို ထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မျှော်လင့်ပါမည်။” ဤကျမ်းစကားသည် ကျွန်ုပ်အား နံနက်တိုင်း ဘုရားသခင်နှင့် အချိန်ပေးရန် တိတ်ဆိတ်စွာ စကားပြောရန်၊ ချီးမွမ်းရန်၊ နှုတ်ကပတ်တော်ကို ဖတ်ရှုဆင်ခြင်ရန် တိုက်တွန်းနှိုးဆော်သည်။ အလုပ်လုပ်ရင်း ဆုတောင်းခြင်း၊ တရားဟောချက်နားထောင်ခြင်းတို့သည် ကောင်းမွန်သော်လည်း၊ ဘုရားသခင်နှင့် တစ်ဦးချင်း တိတ်ဆိတ်စွာ အချိန်ပေးခြင်းသည် ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဉ်ကို ပြည့်စုံစေသည်။

မတည်မြဲသော လောကီအရာများအတွက် အချိန်ပေးနေမည့်အစား၊ နံနက်တိုင်း ကရုဏာတော်အသစ်ဖြင့် လမ်းပြပို့ဆောင်ပေးတော်မူသော ဘုရားသခင်နှင့် အချိန်ပေးရန် ကျွန်ုပ်အား နှိုးဆော်သည်။ ဤအချိန်ပေးခြင်းသည် နေ့စဉ်ဘဝ၏ အားအင်ရင်းမြစ်ဖြစ်ပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ပြည့်စုံသော ဘဝဆီသို့ ဦးတည်စေသည်။


အသက်တာ၌ ခွန်အားဖြစ်ပါက အခြားသူများကိုလည်း မျှဝေပေးခြင်းဖြင့် အမှုတော်မှာပါဝင်ပါ။


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading