နာခံခြင်းနှင့် သစ္စာရှိခြင်း – အောင်မြင်သော အသက်တာ၏ အဓိက သော့ချက်။
နာခံခြင်းမရှိရင် အောင်မြင်မှု မရှိနိုင်ပါ
နာခံခြင်းမရှိတဲ့ အသက်တာက ဘုရားသခင်ရှေ့မှာ အောင်မြင်သော သူအဖြစ် ရပ်တည်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ နာခံခြင်းဆိုတာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ကိုယ်နှစ်သက်တဲ့ လမ်းကြောင်းတွေထက် ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အပေါ်မှာ လျှောက်လှမ်းခြင်း ဖြစ်ပါတယ်။
မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူး၊ အချိန်မရှိဘူး၊ အခြေအနေ မသင့်တော်ဘူး ဆိုတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်က ပြောလိုက်ရင် – ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ခြင်းနဲ့ – လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ နာခံပြီး လုပ်ဆောင်သွားတာ ပဲ ဖြစ်ပါတယ်။

ပေတရု၏ နာခံခြင်း – ငါးများစွာ ရရှိခဲ့တဲ့ အံ့ဖွယ်အမှု
ပေတရုရဲ့ အသက်တာဟာ ခရစ်တော်အပေါ် အမြဲ နာခံတဲ့ သူ တစ်ယောက်ပါ။ ငါးဖမ်းခြင်းရဲ့ သဘောသဘာဝကို သူ အသိဆုံး မဟုတ်လား။ တစ်ညလုံး ငါးမရဘဲ ပင်ပန်းနေခဲ့ရတဲ့ သူပါ။ ခရစ်တော်က “ရေနက်ထဲ ရွှေ့ပြီး ငါးထပ်ဖမ်းပါ” လို့ မိန့်တော်မူတဲ့အခါ ဆင်ခြေပေးစရာ၊ အကြောင်းပြစရာ အများကြီး ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ ပေတရုက သူ နားလည်တတ်ကျွမ်းထားတဲ့ အရာထက် ခရစ်တော်ရဲ့ စကားကို ဦးစားပေးပြီး နာခံခဲ့တယ်။ ရလဒ်က ငါးများစွာ ရရှိရုံတင်မကပါဘူး။ တံငါသည်ဘဝကနေ လူကို မျှားသော တံငါသည်၊ တမန်တော်အဖြစ်အထိ ရောက်ရှိလာခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်အသိပညာ၊ အတွေ့အကြုံအပေါ်မှာ ရပ်တည်ခြင်း မဟုတ်ပါဘူး။ ခရစ်တော်ရဲ့ စကားအပေါ်မှာ ရပ်တည်ခဲ့ခြင်း ကြောင့်ပါ။

နာခံခြင်းမရှိရင် ယုံကြည်ခြင်း မပြည့်စုံနိုင်
နာခံခြင်းမရှိတဲ့ အသက်တာဟာ ယုံကြည်ခြင်း မရှိတဲ့ အသက်တာ ဖြစ်ပါတယ်။ နာခံခြင်းဟာ သစ္စာနဲ့ တွဲပါလာရပါတယ်။ ဘယ်အချိန်၊ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ်တော်အပေါ် သစ္စာရှိရမယ်။
အိမ်ထဲမှာ ချီးမွမ်းသလို အပြင်မှာလည်း ချီးမွမ်းရမယ်။ ကွယ်ရာမှာဖြစ်စေ၊ ထင်ရှားတဲ့ အရပ်မှာဖြစ်စေ သစ္စာရှိရမယ်။ အရာရာမှာ သစ္စာရှိရမယ်။
သစ္စာရှိမှ ကိုယ်တော်က ကြီးသော အမှုကို အပ်နှင်းမှာ ဖြစ်ပါတယ်။ သင် သစ္စာနဲ့ အရာရာ လုပ်ဆောင်တတ်ရင် ယနေ့ အပ်ချုပ်ပေမဲ့ တစ်နေ့ အုပ်ချုပ်သူ အဖြစ် ကိုယ်တော် ချီးမြှောက်လိမ့်မယ်။ အနည်းငယ်သော အမှုက စပြီး သစ္စာရှိဖို့ လိုအပ်ပါတယ်။ သစ္စာရှိပေမဲ့ နာခံခြင်း မပါရင် မရပါဘူး။
ယုံကြည်ခြင်းဆိုတာ နာခံခြင်းနဲ့ တွဲဖက်ရတယ်
နာခံခြင်းနဲ့ သစ္စာ တွဲဖက်ရပါတယ်။ ယုံကြည်ခြင်းဆိုတာ လက်သီးလက်မောင်း တမ်းပြီး ဟောပြောနေရခြင်းနဲ့ မပြည့်စုံပါဘူး။ အဲ့ဒီ သက်သေခံမှုရဲ့ အဓိက က ဘုရားသခင်ကို နာခံခြင်း ဖြစ်ပါတယ်။ စကားနဲ့ မဟုတ်ဘဲ လက်တွေ့ နာခံမှုနဲ့ ပြသတဲ့ ယုံကြည်ခြင်း ဖြစ်ပါတယ်။
နိဂုံး – နာခံပြီး သစ္စာရှိတဲ့ အသက်တာ ရှင်သန်ပါစေ
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း နာခံရင်း သစ္စာရှိတဲ့ အသက်တာ လျှောက်လှမ်းရှင်သန်နိုင်ပါစေ။ အနည်းငယ်မှ စတင်ပြီး ကြီးမားတဲ့ အမှုအတွက် ပြင်ဆင်နိုင်ပါစေ။ ကိုယ်တော်ရဲ့ ကောင်းချီးတော်နဲ့ ခွန်အားတော် အပြည့်အဝ ခံစားရပါစေ။
အယောက်တိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ 🙏🩵






Leave a Reply