“တောင်ယာအခုတ်မှားလျှင် တစ်နှစ်သာ ဆုံးရှုံးနိုင်သော်လည်း အိမ်ထောင်ဖက်မှားရွေးမိလျှင် တစ်သက်လုံး နောင်တရစေနိုင်သည်။”
ယုံကြည်သူ ခရစ်ယာန်မောင်မယ်များအနေဖြင့် ဘုရားသခင် ၏အလိုတော်နှင့်အညီ အိမ်ထောင်ဖက်ကို ဂရုတစိုက်ရွေးချယ်ရန် လိုအပ်သည်။ ဘုရားသခင်သည် အိမ်ထောင်ရေးတွင် ပျော်ရွှင်မှု၊ ကောင်းချီးများနှင့် ဘုန်းတော်ထင်ရှားစေရန် ရည်ရွယ် ထားသည်။ ထို့ကြောင့် ယောကျ်ားနှင့် မိန်းမကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။
အိမ်ထောင်ရေးတွင် ပျော်ရွှင်မှုမရရှိရသည့်အကြောင်း
သာယာပျော်ရွှင်မှုမရှိသော အိမ်ထောင်များစွာရှိနေသည်။ အကြောင်းမှာ အိမ်ထောင်ဖက်ရွေးချယ်ရာတွင် ဘုရားသခင်၏သွန်သင်ချက်ကို လျစ်လျူရှုပြီး မိမိစိတ်ဆန္ဒအလျောက် ဆုံးဖြတ်လိုက်ခြင်းကြောင့်ဖြစ်သည်။
ဘုရားသခင်၏အလိုတော်နှင့်ညီသော အိမ်ထောင်ဖက်ရွေးချယ်ပါ။
အကယ်၍ သင်သည် ဘုရားသခင်၏ကောင်းချီးပြည့်ဝသော အိမ်ထောင်ရေးကို ပိုင်ဆိုင်လိုပါက၊ အိမ်ထောင်ဖက်ကို ဘုရားသခင်၏အလိုတော်နှင့်အညီ ရွေးချယ်ပါ။ အိမ်ထောင်ဖြစ်ပြီးနောက် သစ္စာစောင့်သိပြီး တစ်သက်တာလက်တွဲရမည်ဖြစ်သည်။ ဘုရားသခင်သည် သေဆုံးခြင်းမှလွဲ၍ မည်သည့်အကြောင်းကြောင့်မျှ ခွဲခွာရန် ခွင့်မပြုပါ။
မင်္ဂလာဆောင်ရာတွင် သစ္စာကတိပြုရသည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ တစ်သက်တစ်ကျွန်း လက်တွဲရန် ကတိပြုကြသည်။ ထို့ကြောင့် မင်္ဂလာပွဲမတိုင်မီ အိမ်ထောင်ဖက်ကို ဂရုတစိုက်ရွေးချယ်ရန် အရေးကြီးသည်။
အိမ်ထောင်ဖက်ရွေးချယ်ရာတွင် ဦးစားပေးရမည့်အချက်များ
ယနေ့ခေတ်တွင် အမှန်ကို အမှားထင်မှားတတ်သည့်ကာလဖြစ်သည်။ ဟန်ဆောင်ယောကျ်ားမိန်းမများ၊ ဘုရားချစ်သူဟန်ဆောင်သူများ၊ ဘာသာရေးလုပ်ဟန်ပြသူများ မနည်းရှိနေသည်။ ထို့ကြောင့် အချစ်စစ်ကို ရှာဖွေရာတွင် သတိထားရန်လိုအပ်သည်။
ဘုရားသခင်သည် “မညီသောထမ်းဘိုး” မထမ်းရန် တားမြစ်ထားသည်။ သို့သော် အချို့က ၎င်းကို ဖောက်ဖျက်ပြီး “ယူပြီးသည်နှင့် ပြောင်းလဲလာမည်” ဟု ထင်မှတ်ကြသည်။ သို့သော် မညီသောထမ်းဘိုးကို ရွေးချယ်မိပါက နောင်တွင် လေးလံသောဝန်ထုပ်ကို ထမ်းရလိမ့်မည်။ “ညီသောထမ်းဘိုး” ဆိုသည်မှာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူချင်းဖြစ်ရမည်။ ဝိညာဉ်သဘောနှင့် အသက်ရှင်ခြင်းကို ဆိုလိုသည်။ လူမျိုးမတူခြင်း၊ အသင်းတော်မတူခြင်းသည် ပြဿနာမဟုတ်သော်လည်း ဝိညာဉ်သဘောမတူခြင်းသည် ပြဿနာဖြစ်သည်။
အချစ်စစ်နှင့် သစ္စာတရား
အိမ်ထောင်ဖက်ရွေးချယ်ပြီးမှ အထင်နှင့်လက်တွဲက ကွဲလွဲမှုကို သတိပြုမိတတ်သည်။ သို့သော် ထိုအခါတွင် နောက်ကျသွားတတ်ပြီး ခွဲခွာရန်မဖြစ်နိုင်တော့ပေ။ အချစ်စစ်သည် ခရစ်တော်ရှိသောနှလုံးသားထဲတွင်သာ တွေ့ရှိနိုင်သည်။ အချစ်စစ်သည် သစ္စာမပျက်၊ မမှိတ်မသုန်တည်ရှိသည်။ ဟန်ဆောင်အချစ်နှင့် အရေခြုံသူများကို သတိထားပါ။
အိမ်ထောင်ရေးတွင် ပျော်ရွှင်မှုရရှိရန် လိုက်နာရမည့်အချက်များ
ဘဝတစ်သက်တာတွင် အိမ်ထောင်ရေးမသာယာမှုဖြင့် ဖြတ်သန်းရခြင်းသည် နစ်နာမှုသာဖြစ်သည်။ အိမ်ထောင်ဖက်ရွေးချယ်ရာတွင် ဘုရားသခင်၏စကားကို ဆန့်ကျင်မိပါက ပေးဆပ်ရမည့်အကျိုးဆက်များကို သတိပြုပါ။
ချစ်သောလူငယ်များ၊ ဘုရားသခင်၏အလိုတော်နှင့်ညီသော အိမ်ထောင်ဖက်ကို ရွေးချယ်ပြီး ပျော်ရွှင်သောဘဝကို တည်ဆောက်ကြပါရန် တိုက်တွန်းပါသည်။
အိမ်ထောင်ဖက်ရွေးချယ်ရာတွင် လိုက်နာရန်အချက်များ
- ဘုရားသားသမီးများနှင့် မိတ်သဟာယဖွဲ့ပါ။ ယုံကြည်သူများနှင့် ပေါင်းသင်းကျင်လည်ပါ။
- သင်ကိုယ်တိုင် ခရစ်တော်ကို ယုံကြည်သူဖြစ်ပါ။ အမှန်တကယ် ခရစ်တော်ရရှိသူဖြစ်ရန်လိုအပ်သည်။
- ဘုရားကိုသိသူထက် ဘုရားရရှိသူကို ရှာဖွေပါ။ ဟန်ဆောင်သူများကို သတိပြုပါ။
- ဆုတောင်းပါ။ ဘုရားသခင်၏လမ်းညွှန်မှုကို တောင်းခံပါ။
- ဝိညာဉ်ဖခင်မိခင် သို့မဟုတ် မိဘများနှင့် တိုင်ပင်ပါ။
ဘုရားသခင်၏အလိုတော်နှင့်ညီသော အိမ်ထောင်ရေးဖြင့် သင်တို့ဘဝသည် ပျော်ရွှင်သာယာနိုင်ပါစေ။






Leave a Reply