၁။ ညီအစ်ကိုများ (Brethren) အသင်းတော်များ သို့မဟုတ် အစုဝေး (Congregational) အသင်းတော်များရဲ့ ပရိုတက်စတင့် ခရစ်ယာန် အစောဆုံး သာသနာပြုလုပ်ငန်းများ အကြောင်းကို ရေးချင်ပါတယ်။
၂။ အစောဆုံး ခရစ်ယာန် မစ်ရှင် လုပ်ငန်းအကြောင်း ပြောကြတဲ့အခါ၊ ညီအစ်ကိုများ (Brethren) အသင်းတော်များ သို့မဟုတ် အစုဝေး (Congregational) အသင်းတော်များကို လျစ်လျူရှုလို့ မရပါဘူး။ အကြောင်းရင်းကတော့ ရှေ့ဆောင်သာသနာပြု အများစုဟာ အဓိကအားဖြင့် ဤ ဂိုဏ်းဂဏများမှ ဖြစ်ကြပါတယ်။
၃။ ဥပမာအားဖြင့် ဆရာကြီး အဒေါနိရမ် ယုဒသန် (Aroniram Judson) ဟာ ၁၈၁၃ ခုနှစ်မှာ မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပါတယ်။ သူဟာ နှစ်ခြင်း ခရစ်ယာန် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ မိခင် အသင်းတော်က အစုဝေး (Congregational) အသင်းတော် ဖြစ်ပါတယ်။ နာမည်ကြီး ဟားဗတ် တက္ကသိုလ်ကို အစုဝေး (Congregational) အသင်းတော်ဝင် တစ်ဦးဖြစ်တဲ့ John Harvard က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ထို့အပြင် ယေးလ်တက္ကသိုလ်၊ Dartmouth တက္ကသိုလ်၊ Williams တက္ကသိုလ်၊ Bowdoin တက္ကသိုလ်၊ Middlebury တက္ကသိုလ်နှင့် Amherst တက္ကသိုလ် အပါအဝင် အမေရိကရှိ ပထမဆုံး ကောလိပ်နှင့် တက္ကသိုလ်အချို့ကို အစုဝေး (Congregational) အသင်းတော်မှ တည်ထောင်ခဲ့ပါတယ်။
၄။ အစောဆုံး ညီအစ်ကိုများ (Brethren) အသင်းတော် ခရစ်ယာန်သာသနာပြုများက သာသနာပြု အဖွဲ့အစည်းကို တည်ထောင်မည့်အစား ဘုရား၏ ပြင်ဆင်ပေးမှုကို မှီခိုအားထားကာ “ယုံကြည်ခြင်းသာသနာ” စံနမူနာကို အာရုံစိုက်ခဲ့ကြပါတယ်။ ဖလီမွတ် ညီအစ်ကိုများ အသင်းတော်များ (Plymouth Brethren) လှုပ်ရှားမှုတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Anthony Norris Groves သည် ဧဝံဂေလိတရားဟောရန် ၁၈၂၉ ခုနှစ်တွင် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့သို့ သွားရောက် သာသနာပြုခဲ့ပါတယ်။ အမေရိကန် နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ တစ်ဝိုက် ကျေးလက်ဒေသများသို့ သာသနာပြုများ စေလွှတ်ခဲ့ကြပါတယ်။
၅။ ညီအစ်ကိုများ (Brethren) အသင်းတော်များ သို့မဟုတ် အစုဝေး (Congregational) ပြဿနာက သူတို့မှာ ရေရှည်စီမံကိန်း မရှိဘူး။ သူတို့ ဗျူဟာက ဧဝံဂေလိတရားကို အဆက်မပြတ် ဟောပြောနေဖို့ ကာလတိုစီမံကိန်း နေ့စဉ် အစီအစဉ် ဖြစ်ပါတယ်။ အနှစ် တစ်ထောင် နိုင်ငံတော်ကာလ မတိုင်မီ (နှစ် တစ်ထောင် အကြိုဝါဒ – Premillenialism) ယေရှုခရစ်၏ ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်း (The second coming of Jesus Christ) ခံယူချက်ကြောင့် ရေရှည်အတွက် ဘုရားကျောင်းတည်ဆောက်ခြင်း ၊ အဆင့်ဆင့် အသင်းတော် တည်ထောင်ခြင်း မစီစဉ်ကြပါ။
၆။ ၁၈၂၀ ခုနှစ်နှောင်းပိုင်းမှာ ဖလီမွတ် (Plymouth) ညီအစ်ကိုများ သို့မဟုတ် အစုဝေး (Congregational) အသင်းတော်များကို အိုင်ယာလန်နှင့် အင်္ဂလန်ရှိ ခရစ်ယာန် ယုံကြည်သူများ အုပ်စုတစ်စုမှ တည်ထောင်ခဲ့ကြပါတယ်။ တည်ထောင်သူ တစ်ယောက်တည်း မဟုတ်သော်လည်း၊ ထင်ရှားသော ပုဂ္ဂိုလ်များမှာ John Nelson Darby (J N Darby) နှင့် Anthony Norris Groves (A N Groves)၊ Benjamin Wills Newton (B W Newton) နှင့် George Muller တို့ ဖြစ်ကြပါတယ်။
၇။ သာသနာပြုလုပ်ငန်းနှင့် ဆက်စပ်ပြီး ဒီအသင်းတော်များရဲ့ အားနည်းချက်နှင့် အားသာချက် နှစ်မျိုး ရှိပါတယ်။ အားသာချက်မှာ ဧဝံဂေလိတရားကို စိတ်အားထက်သန်စွာ ဟောပြောခြင်းနှင့် နှိမ့်ချသော ခရစ်ယာန်အသက်တာတွင် အသက်ရှင်ခြင်း ဖြစ်တယ်။ အားနည်းချက်မှာ ဘုရားကျောင်းဆောက်ခြင်း၊ ကော်မတီဖွဲ့ခြင်း၊ ရေရှည်စီမံကိန်းများ အားနည်းနေခြင်း ဖြစ်တယ်။ ကျွန်တော့်ရဲ့ EFCM အသင်းတော်သည်လည်း ဤနည်းအတိုင်း အားနည်းချက်နှင့် အားသာချက် နှစ်မျိုး ရှိပါတယ်။
Jeremy Hoipangs





Leave a Reply