ဆယ်ဖို့တစ်ဖို့၏ကောင်းကြီးမင်္ဂလာ
ဆယ်ဖို့တစ်ဖို့ပေးလှူခြင်း (Tithing) သည် ဝိညာဉ်ရေးရာ၌ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၊ ကျေးဇူးတင်ခြင်းနှင့် နာခံခြင်း၏ အရေးကြီးသော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်ရုံသာမက၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန် နှလုံးသားဖွင့်ပေးသည့် ဝိညာဉ်ရေးရာအလေ့အကျင့်တစ်ခုလည်းဖြစ်သည်။
၁။ ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် မှီခိုအားထားခြင်း
ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းသည် ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၏ ပိုင်ရှင်ဖြစ်သည်။ အရာအားလုံးကို ပေးတော်မူသော အရှင်ဖြစ်သည်ဟု သိမှတ်ခြင်း၊ ကျေးဇူးတင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟူသော ယုံကြည်ခြင်း၏သက်သေလည်းဖြစ်သည်။ ကျွန်ုပ်တို့၏ဝင်ငွေ၏တစ်ဖို့ကို ပေးလှူရာတွင် ကျွန်ုပ်တို့သည် ကိုယ်ပိုင်အားထုတ်မှုထက် ဘုရားသခင်၏မစထောက်မခြင်းကို သိမှတ်နားလည်ခြင်း သက်သေတစ်ခုလည်းဖြစ်သည်။
မာလခိ ၃း၁၀ – “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာ ပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”
- ဤကျမ်းချက်သည် ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းသည် ဘုရားသခင်၏ကတိတော်များကို ယုံကြည်ရန် ဖိတ်ခေါ်ချက်ဖြစ်ပြီး၊ နာခံမှုဖြင့် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိမည်ဖြစ်ကို အာမခံထားသည်။ ဘုရားသခင်သည် ကောင်းကြီးပေးသောအရှင်ဖြစ်ကြောင်းကို ဖော်ပြထားသည်။
၂။ ကျေးဇူးတင်ခြင်းနှင့် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုခြင်း
ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းသည် ကျွန်ုပ်တို့၏ပိုင်ဆိုင်မှအရာအားလုံးသည် ဘုရားသခင်ထံမှလာကြောင်း အသိအမှတ်ပြုရာတွင် ကျေးဇူးတင်တတ်သောနှလုံးသားကိုဖော်ပြသည်။ ၎င်းသည် ကျွန်ုပ်တို့၏ရရှိထားသောအရာများကို ဘုရားသခင်၏အလိုတော်အတွက် ပြန်လည်အသုံးပြုရန် ကတိကဝတ်တစ်ခုဖြစ်သည်။
တရားဟောရာ ၈း 18 : “သင်၏ ဘုရားသခင်ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။ ”
- ဤကျမ်းချက်သည် ကျွန်ုပ်တို့၏စည်းစိမ်ဥစ္စာအားလုံးသည် ဘုရားသခင်ထံမှလာကြောင်း သတိပေးပြီး၊ ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းသည် ထိုနှုတ်ကပတ်တော်တရားကို အသိအမှတ်ပြုရာတွင် ကျေးဇူးတင်ခြင်း၏လုပ်ဆောင်မှု့သက်သေဖြစ်သည်။
၃။ ဘုရားသခင်၏အမှုတော်ကို ထောက်ပံ့ရာ၌ ပါဝင်ခြင်း
ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်၏အမှုတော်ကို ထောက်ပံ့ရာမှာ အရေးကြီးသောအခန်းကဏ္ဍတစ်ခုဖြစ်သည်။ ခထိုအရာသည် ဘုရားသခင်၏ ဗိမာန်တော်၊ ရစ်ယာန်အသိုင်းအဝိုင်း ၊ ဆင်းရဲသူများကို ကူညီခြင်းနှင့် ဧဝံဂေလိတရားပြန့်ပွားရေးအတွက် အသုံးပြုရန်ဖြစ်သည်။
ဝတ်ပြုရာ၊ ၂၇း၃၀ : “စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံ ဆယ်စုတစ်စုသည် ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဖို့သန့်ရှင်းရမည်။”
- ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်အတွက် သီးသန့်ထားရှိရသော သန့်ရှင်းသောအရာဖြစ်သည်။ ၎င်းကို ဘုရားသခင်၏အလိုတော်နှင့် ဘုရားသခင်၏ ဘုန်းတော်၊နိုင်ငံတော်အတွက် အသုံံးပြုရန် ဖြစ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။
၄။ စိတ်နှလုံးကြည်လင်ခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်း
ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းသည် ကျွန်ုပ်တို့၏ နှလုံးသားကို လောဘ၊ တပ်မက်မှုများမှ ကင်းဝေးစေပြီး ပေးကမ်းခြင်း၏ ဝမ်းမြှောက်မှုကို ခံစားရရှိစေသည်။ ဤလုပ်ရပ်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ကရုဏာတော်နှင့် ပြုစုစောင့်ရှောက်မှုကို ပိုမိုနားလည်စေပြီး၊ ဝိညာဉ်ရေးရာတွင် ကြီးထွားလာစေသည်။ ဘုရားသခင်သည် ဝမ်းမြှောက်စွာ ပေးကမ်းသူများကို နှစ်သက်တော်မူကြောင်းနှင့် ထိုသူများအား ကောင်းချီးပေးမည်ဟု ကျမ်းစာတွင် ကတိပြုထားသည်။
၂ ကော၊ ၉:၆-၇ – “အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။- 7လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။”
- ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းကို စိတ်ရင်းမှန်ဖြင့်၊ ဝမ်းမြှောက်စွာ ပြုလုပ်သင့်ကြောင်း ဖော်ပြထားပြီး၊ ထိုသို့ပြုလုပ်ခြင်းသည် ဘုရားသခင်၏ နှစ်သက်မှုနှင့် ကောင်းချီးများစွာကို ရရှိစေမည်ဟု အာမခံထားပါသည်။
တိုက်တွန်းနှိုးဆော်ခြင်း
ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းသည် ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုတစ်ခုသာမဟုတ်ဘဲ၊ ဘုရားသခင်နှင့် ပိုမိုနီးစပ်သော ဝိညာဉ်ရေးဆက်ဆံရေးကို တည်ဆောက်ရန် နှလုံးသားထဲက ကတိကဝတ်တစ်ခုဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့အား လောကီစည်းစိမ်များထက် ဘုရားသခင်၏ ကတိတော်များကို ပိုမိုယုံကြည်ရန်၊ ကျေးဇူးတင်သောစိတ်နှလုံးဖြင့် နေ့စဉ်အသက်တာကို ဖြတ်သန်းရန်နှင့် ဘုရားသခင်၏ အမှုတော်ကို ထောက်ပံ့ရာတွင် ပါဝင်ရန်ဖြစ်သည်။
ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပြုစုစောင့်ရှောက်မှုကို ယုံကြည်ကိုးစားပြီး၊ ဝိညာဉ်ရေးရာနှင့် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန် နှလုံးသားဖွင့်ဟထားပါသည်။ ယခုအချိန်မှစတင်၍ သို့မဟုတ် ဆက်လက်ပြီး ဆယ်ဖို့တစ်ဖို့ပေးလှူရန် သင့်အား တိုက်တွန်းနှိုးဆော်ပါသည်။ ဝမ်းမြှောက်စွာ ပေးကမ်းပြီး ဘုရားသခင်၏ ကတိတော်များကို စမ်းသပ်ကြည့်ပါ။ သင်၏ ယုံကြည်မှုနှင့် နာခံမှုကို ဘုရားသခင်ကောင်းချီးပေးမည်ဖြစ်သည်။ ဘုရားသခင်သည် ခိုင်းလျှင်အချည်းနှီး အကြောင်းမဲ့ မခိုင်းပါ။ အကျိုးပေးမည်သာဖြစ်သည်။
ဆယ်ဖို့တစ်ဖို့ကို သစ္စာနှင့်ပေးပါ။ ကျေးဇူးတင်စွာပေးပါ။ ယုံကြည်ခြင်းနှင့်ပေးပါ။ သင်ပါဝင်နေသောဝိညာဉ်အစာစားသော အသင်းတော်တွင်ပါဝင်ပါ။ သစ္စာမပျက်မိပါနဲ့။ မှန်ကန်စွာပေးကြည့်ပါ။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ပြုတင်းတံခါးများပွင့်လာမည်ဖြစ်ကြောင်း တိုက်တွန်းဝေငှပါသည်။






Leave a Reply