သုတ္တံ၊ ၁၄း၁၂
လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။
ကောင်းမယ်ထင်လို့စီစဉ်တာ ပြသနာအကြီးကြီးဖြစ်သွားတတ်တယ်။ကောင်းမယ်ထင်လို့ပြောတာ တစ်ဖက်လူ စိတ်ကသိကအောက်ဖြစ်စေတတ်သလို စိတ်ထိခိုက်စေတတ်တာအမှန်ပါ။ ကောင်းမယ်စိတ်ထင်လို့ လုပ်ဆောင်တာအမှားများတတ်တယ်။
အထူးသဖြင့် အမှု့တော်လုပ်ငန်းမှာ ကောင်းမယ်ထင်တာမလုပ်သင့်ပါ။ အများသဘောတူတာကိုလည်းမဆောင်ရွက်သင့်ပါ။ တစ်ခါတစ်ခါ အများကသဘောတူရင် ဘုရားနှစ်သက်မယ်၊ ဘုရားအလိုတော်လို့ထင်တတ်ကြတယ်။ ယနေ့ယုံကြည်သူများက အသင်းတော်၊အမှု့တော်လုပ်ငန်းတွေမှာ ဘုရားနှုတ်ကပတ်တော်နှင့်မသွားကြတော့ပဲ အများသဘောတူရင် လုပ်ကြတော့တာပဲ။ အမှု့တော်ဆောင်တွေကိုယ်တိုင်က ဦးဆောင်တာကော။
အသင်းတော်လုပ်ငန်းမှာလည်း အမှု့ဆောင်တွေဟာ ဟိုအမျိုးထဲကတစ်ဦး၊ ဒီအမျိုးထဲကတစ်ဦး၊ သူကပညာတတ်ဘွဲ့ရလို့၊ သူက ချမ်းသာလို့၊ရာထူးဂုဏ်ရှိခြင်းအပေါ်မှာသာ ရွေးချယ်တင်မြှောက်ကြတာ ဝမ်းနည်းစရာကောင်းပါသည်။ နှုတ်ကပတ်တော်က ထိုသို့မသွန်သင်ပါ။ ဒါတွေအားလုံးဟာ လူတွေက ကောင်းမယ်လို့ အထင်နဲ့သွားနေကြခြင်းသာဖြစ်ပါတယ်။
ရှောလုအဖွဲ့ကို ဘုရားက အာမလက်လူမျိုးကိုရှင်းရှင်းဖျက်ဆီးပါလို့ မှာထားတယ်။ ဘာတစ်ခုမှယူမလာရန်လည်းမှာထားပါတယ်။ ဒါပေမဲ့ ရှောလုရှင်ဘုရင်တပ်ဖွဲ့ဝင်တွေက အကောင်းဆုံး သိုးနွား၊ဆူဖြိုးသောအကောင်တွေကိုယူလာကြတယ်။ ထာဝရဘုရားကို ယဇ်ပူဇော်ဖို့ဆိုပြီး ကောင်းမယ်ထင်လို့ယူလာခဲ့ကြတယ်။ ဘုရားလုံးဝလက်မခံလို့ ရှောလု ရာထူးပျောက်ခဲ့ရပါတယ်။ ဘ၀ပျက်ခဲ့ရတယ်။
မိမိဆန္ဒသဘောနဲ့မကိုက်ညီရင် မလုပ်ဆောင်ချင်တာ၊ မလိုက်လျှောက်ချင်တာ ဖြစ်နေသလား။ ဘုရားရဲ့သဘောတော်သာ အဓိကဖြစ်၏။ ဘုရားသဘောနဲ့ညီမှ မင်္ဂလာရှိမည်။ မိမိသ ဘောဟာ ဆုံးရှုံးခြင်း၊ မှားယွင်းခြင်းလမ်းကိုသာ ပို့ဆောင် တတ်တာကို သတိပြုပါ။
မိတ်ဆွေ . . . အထင်နဲ့လုပ်သလား၊ နှုတ်ကပတ်တော်ရဲ့သွန်သင်ခြင်းကို အလေးထားသလား။ မိမိအထင်နဲ့ ပူဇော်ကိုးကွယ်နေမိသလား။ ဘုရားသဘောအတိုင်းလား၊ မိမိသဘောအတိုင်းပဲလား။ ဆင်ခြင်ကြရအောင်။





Leave a Reply