ကောင်းစားတဲ့နှလုံးသားရှိသူဟာ ဘုရားသခင်ရဲ့ ကျေးဇူးပြုခြင်းနဲ့ ကောင်းကြီးမင်္ဂလာကို အမြဲ ခံစားရတတ်တယ်။
@mcministry10
“သူများအတွက် ဘာအကျိုးပြုရင်အကောင်းဆုံးဖြစ်မလဲ၊ သူတို့ကိုဘာလေးပေးရင်စိတ်ချမ်းသာမလဲ” ဆိုတဲ့စိတ်ထားဟာ သန့်ရှင်းမြင့်မြတ်တဲ့နှလုံးသားတစ်ခုဖြစ်တယ်။ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကောင်းကြီးကိုခံစားတတ်တဲ့ စိတ်နေစိတ်ထားဖြစ်တယ်။
တဖက်မှာတော့ “သူများကငါ့ကိုဘာလုပ်ပေးမလဲ၊ ဘယ်လိုပြုစုပေးမလဲ” ဆိုတဲ့မျှော်လင့်မှုနဲ့စဉ်းစားနေတဲ့စိတ်ဟာ တောင်းဆိုတတ်တဲ့နှလုံးသားတစ်ခုဖြစ်ပြီး၊ မနာလိုမက်လှတဲ့စိတ်ဖြစ်တယ်။ ဒီလိုစိတ်ထားဟာ ကောင်းကြီးနဲ့ဝေးကွာနေတဲ့အခြေအနေတစ်ခုဖြစ်တယ်။
ဘာအကျိုးကိုမှ မျှော်လင့်တာမရှိဘဲ လုပ်ပေးလိုတဲ့စိတ်မျိုးကို ဘုရားသခင်က သာ၍နှစ်သက်တယ်။ စိတ်နှလုံးသားကိုပြင်ဆင်ဖို့ လိုတယ်။ ဘယ်လိုပြင်ဆင်မလဲ။ ဘုရားသခင်ရဲ့ အလိုတော်ဟာ ဘာလဲဆိုတာကို သိချင်တဲ့စိတ်၊ ဆာငတ်တဲ့စိတ်နဲ့ ရှာဖွေနေရမှာဖြစ်တယ်။ ခံယူနေရမှာဖြစ်ပါတယ်။
ယုံကြည်သူအချို့က ထိုစိတ်မျိုးမရှိဘူး။ ဘုရားသခင်လုပ်ပေးတဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ရမဲ့အစား၊ အဲ့ဒီအတွက် ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်နေရမဲ့အစား ဘုရားသခင်က ဘာလုပ်ပေးမလဲဆိုတဲ့ မျှော်လင့်ချက်အပေါ်မှာ အသက်ရှင်ကြတယ်။ ကောင်းကြီးရဖို့၊ အောင်မြင်ဖို့၊ ကြွယ်၀ချမ်းသာဖို့အတွက်ပဲ ဘုရားကိုဆည်းကပ်နေသေးရင် ဘုရားရဲ့သဘောနဲ့လွဲပါတယ်။ ဘုရားသခင်ပေးခဲ့တဲ့အရာတွေ၊ ပြုပေးခဲ့ပြီးဖြစ်တဲ့ ထာ၀ရကယ်တင်ခြင်းအတွက်၊ နေ့ရက်စဉ်တိုင်းအတွက် ကျေးဇူးတင်ရမှာဖြစ်တယ်။
ဘုရားကျောင်းက၊ အသင်းတော်က ဒါမလုပ်ပေးလို့၊ ဒီလိုမပြောပေးလို့၊ မကူညီပေးလို့ ဘုရားကျောင်းမသွားတော့ဘူး၊ အလှုငွေမထည့်တော့ဘူး၊ ဆယ်ဖို့တစ်ဖို့မထည့်ဘူးဆိုတာ ကောင်းကြီးဖြစ်မဲ့ နှလုံးသားမဟုတ်ဘူး။ လေးစားစရာ၊ ဘုရားဘုန်းတော်ထင်ရှားစေမဲ့ အသက်တာမဟုတ်ဘူး။ ရင့်ကျင့်တဲ့နှလုံးသား၊ ကောင်းစားတဲ့နှလုံးသားမဟုတ်ပေဘူး။
အသက်တာအသီးသီးကို ဆင်ခြင်ကြည့်ရအောင်။ အကျိုးတစ်စုံတစ်ခုရဖို့သာ အရာရာမှာမျှော်လင့်နေတုန်းလား။ သူတစ်ပါးကို အကျိုးပြုသောသူဖြစ်ဖို့ကို မျှော်လင့်နေသောသူဖြစ်ကြရအောင်။ ဘုရားသခင်ရဲ့ နှလုံးသားအလိုတော်နဲ့ ညီညွတ်တဲ့စိတ်နှလုံးဖြစ်တဲ့အတွက် ကျေးဇူးပြုခြင်းအမှန်ခံစားရမှာဖြစ်ကြောင်း ခွန်အားပေးပါတယ်။

















Leave a Reply